Go Ahead. Be Creative!
Thursday, 20 November 2008 16:18
ဒီအကြောင်းလေးကတော့ ဦးဖေမြင့် ရဲ့ ဦးနှောက် နှင့် နှလုံးသား စာအုပ်ထဲ က
"ဆန်းသစ်တီထွင်တတ်တဲ့သတ္တိ" ဆိုတဲ့ ခေါင်းစဉ်လေး ကိုဖတ်ပြီး နှစ်သက်လို့
ကျွန်တော် သူငယ်ချင်းတွေ အားလုံး ဖတ်ရအောင် JZ Blog ထဲမှာ ရေးလိုက် ရပါတယ်။
မူရင်း အစစ်ကတော့ Robet Fulghum ရဲ့ Go Ahead. Be Creative! ဖြစ်ပါတယ်။
အချိန်ရရင် ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။
ကျွန်တော်၏ သီးသန့် ကမ္ဘာထဲမှာ အဖိုးတန် မှတ်ကျောက်ကလေးတွေ ရှိသည်။
ခရီးသွားသည့်အခါ လမ်းညွှန်မြေပုံကို ကြည့်သလို ဘ၀ခရီးတစ်လျှောက် ကျွန်တော်မကြာခဏ လှန်လှောရ၊ ရည်ညွှန်းကိုးကားရသည့်
အယူအဆများ၊ စကားများ၊ အဖြစ်အပျက်အချက်အလက်များ၊ မှတ်သားထားချက်များကို ဆိုလိုခြင်း ဖြစ်ပါသည်။
သည်မှတ်ကျောက် ရတနာတွေထဲမှာ စစ်တုရင်လောကက ပုံပြင်တစ်ပုဒ်လည်း ပါဝင်သည်။
နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ နိုင်ငံတကာ ပြိုင်ပွဲတစ်ခု၌ ဖရင့်(က)မာရှယ်အမည်ရှိ စစ်တုရင် သမားတစ်ယောက်သည် စစ်တုရင်ခုံပေါ်မှာ
မြင်ရဘူးသမျှထဲတွင် အလှပဆုံးရွှေ့ ကွက်ဟု တသသပြောဆိုကြရသည့် ကစားကွက်တစ်ခုကို ပြသခဲ့ပါသည်။ ပွဲက အရေးကြီးသော
ပွဲတစ်ပွဲ။ တစ်ဖက်မှ ရုရှားစစ်တုရင်သမားနှင့် လက်ရည်ညီကာ အကြိတ်အနယ် ယှဉ်ပြိုင်နေရသည့် အနေအထား။ တစ်ဖက်လူက
မာရှယ်၏ ဘုရင်မကို အဆက်မပြတ် ဖိတိုက်နေသည်။ ဘုရင်မဆိုသည်က စစ်တုရင်ခုံပေါ်၌ အကြီးမားဆုံး ထိုးစစ်လက်နက်။ ထို့ ကြောင့်
ထုံးစံအားဖြင့် ဘုရင်မ၏ လုံခြုံရေးကို အထူးသတိထားကြသည်။ ယခုလောလောဆယ် မာရှယ်၌ သူ့ ဘုရင်မအတွက်
ရွှေ့ ကွက်သုံးလေးကွက် ရှိနေသည်ဖြစ်ရာ အစဉ်အလာအတိုင်း ဘေးအကင်းဆုံးနေရာသို့ သူရွှေ့ သွားလိမ့်မည်ဟု ပရိသတ်က
မျှော်လင့် စောင့်ကြည့်နေကြသည်။
မာရှယ်မရွှေ့ သေး။ သူ့ အတွက် သတ်မှတ်ထားသည့် အချိန်ကို အပြည့်သုံးကာ ကစားကွက်အနေအထားကို အပြန်ပြန်အလှန်လှန်
သူစဉ်းစားသည်။ ပြီးတော့ ဘုရင်မကို ကောက်ကိုင်သည်။ ခဏလေးကိုင်ထားသေးသည်။ သည်နောက်တွင်မှ လုံးဝရွှေ့ ရန်
မသင့်ဟုထင်ရသည့် အကွက်မှာ သွားချထားလိုက်သည်။ သည်နေရာမှာ ဘုရင်မကို လှမ်းစားနိုင်သည့် ရန်သူ့ အရုပ်သုံးရုပ်တိတိ ရှိနေသည်။
ဟာ၊ ဘုရင်မကို သည်အတိုင်း အချောက်တိုက် အစားခံလိုက်တော့မှာလား။ ဘုရင်မဆိုသည်က လုံးဝ လွတ်ပေါက်မရှိတော့ဘူးဆိုသည့်
အနေအထားမျိုးကျမှသာ အဆုံးရှုံးခံရမည့် အရာဖြစ်သည်။ ဘေးမှပွဲကြည့်ပရိသတ်သာမက တစ်ဖက်က ကစားနေသူပါ အကြီးအကျယ်
အံ့အားသင့်သွားသည်။
သို့ သော် ခဏအကြာမှာတော့ သူတို့ အားလုံး သဘောပေါက်သွားကြသည်။ မာရှယ်ရွှေ့ လိုက်သောအကွက်သည် အလွန့် အလွန်
ထူးခြားကောင်းမွန်သည့် ကစားကွက်တစ်ခုဖြစ်နေချေသည်။ သူ့ ဘုရင်မသည် အစားခံရမည့် အကွက်ပေါ်တွင် ရောက်ရှိနေတာ
မှန်ပါ၏။ သို့ သော် သူ့ ကိုဘယ်အကောင်နှင့် စားသည်ဖြစ်စေ စားပြီးသည့်နောက်မှာ တစ်ဖက်လူ မုချရှုံးရတော့မည်သာဖြစ်သည်။
ဘယ်လိုမှမရတော့ဘူးဆိုတာ မြင်လိုက်ပြီးသည့်နောက်တွင် ရုရှားစစ်ဘုရင်သမား ဆက်မကစားတော့ပဲ အရှုံးပေးသွားလေသည်။
စောစောက မထင်မှတ်သော ရွှေ့ ကွက်ကြောင့် ယောင်တိယောင်တောင် ဖြစ်သွားခဲ့သော ပရိသတ်သည် သည်တော့မှ သတိပြန်
လည်ကာ စစ်တုရင်ခုံပေါ်သို့ ငွေစက္ကူတွေ ၀ိုင်းအုံကြဲချကြသည်။ မာရှယ်က ဘုရင်မကို စတေးသည့် ရှားပါး၍ ရဲ တင်းလှသော
ကစားကွက်ဖြင့် အနိုင်ယူသွားခြင်းပေတည်း။
မာရှယ်၏ လုပ်ဆောင်ချက်ကို စိစစ်ကြည့်သည့် အခါ ယခုပွဲ၌ သူအနိုင်ရ မရဟူသည် အဓိကကျသည်ဟု ကျွန်တော် မယူဆ။
ဘုရင်မကို ၄င်းအကွက်ပေါ် ရွှေပစ်ခဲ့ခြင်းသက်သက်သည်လည်း သည်လောက်ကြီးအရေးပါလှသည်ဟု ကျွန်တော်မဆိုချင်။
တကယ်အဓိက ကျသည်က ဘုရင်မကို သည်အကွက်ပေါ်ရွှေ့ လျှင် အစားခံရမှာပဲ၊ တခြားဘယ်ကိုရွှေ့ မလဲဟူ၍ သမားရိုးကျ
အတိုင်မစဉ်းစား၊ အစားခံရမယ်ဆိုတာ ဟုတ်ပြီ၊ ဟိုကောင်နဲ့ စားရင် ဘယ်လိုဖြစ်မလဲ၊ ဒီဘက်ကကောင်နဲ့ စားရင်ကော စသည်ဖြင့်
တွက်ချက်ရင်း၊ နောက်ဆုံး ဘယ်လိုစားစား ကိုယ်ဘက်က အနိုင်ချည်းပဲဆိုတာ ဘွားကနဲ သွားမြင်လောက်အောင်အထိ သမားရိုကျ
အတွေးဘောင်၏ အပြင်ဘက်မှာ အချိန်ကြာကြာ သူစဉ်းစားနေခဲ့သည့်ကိစ္စဖြစ်သည်။ သူသည် သမားရိုးကျ ကစားနည်း ကစားဟန်တွေ၊
အစဉ်အလာ ကစားကွက် ဘောင်တွေ၏ အပြင်ဘက်သို့ ထွက်ကြည့်ခဲ့သည်။ သူ့ မှာ လွဲကာမှလွဲစေ မိမိအတွေး မိမိအယူအဆဖြင့်သာ
ဆုံးဖြတ်လုပ်ကိုင်မည်ဟူသော စိတ်မျိုးရှိနေသည်။ ထို့ ကြောင့်၊ သည်တစ်ပွဲမှာ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ၊ မာရှယ်ကား
နောက်ဆုံး၌ အောင်ပွဲခံမည့်သူသာ ဖြစ်သည်။
မာရှယ်၏ အကြောင်းကို ကျွန်တော် အကြိမ်ပေါင်းများစွာ ပြန်လည်ဖောက်သည်ချခဲ့ဖူးပါသည်။ ကျွန်တော့် ဘ၀အတွက်
လမ်းညွှန်ချက်များ၊ စာရင်းမှာလည်း ဘုရင်မကို စတေးရမဲ့အချိန်လား စဉ်းစား ဟူသော စကားတစ်ခု ရေးသွင်းထားခဲ့ပါသည်။
သည်လမ်းညွှန်ချက်ကို သုံးစွဲရမည့် အနေအထားများကလည်း လုံးဝမျှော်လင့်မထားသည့် အချိန်အခါမျိုးမှာ ဘွားကနဲ
ပေါ်လာတတ်ပါသည်။
အဲ့ဒီအတွေးလေးကို ခဏသိမ်းထားပေးပါ။ယခု ကျွန်တော့်မှတ်ကျောက်ရတနာစုထဲမှ နောက်တစ်ခုကို ထုတ်ပြပါရစေ။
တင်ကာတွိုင်း (Tinkertoy) ဟု ဆိုလိုက်လျှင် ကလေးတုန်းက ကစားခဲ့ကြသည့် ဆောက်လုပ်ရေးကစားစရာပစ္စည်းဆိုတာ
အမှတ်ရလိမ့်မည် ထင်ပါသည်။ ဗူးရှည်ကြီးတွေနှင့်လာသည်။ အထဲမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ရသော သစ်သားတုံးများ၊
ဘီးလုံးများ၊ အတံတိုရှည်များ ပါသည်။
သည်လိုပါ။ လွန်ခဲ့သည့် ငါးနှစ်ခန့် က ကျွန်တော် ကျောင်းသားလေးများအား ပန်းချီပညာ သင်ကြားပေးခဲ့ဖူးပါသည်။ သည်အခါ
သင်တန်းအစပိုင်း၌ သူတို့ အား စမ်သပ်ရန်အတွက် တင်ကာတွိုင်းတွေ ကျွန်တော် အသုံးပြုခဲ့သည်။ သူတို့ တွေဆီမှာ
တီထွင်ဖန်တီးတတ်သည့် စွမ်းရည် ဘယ်လောက်စီ ပါကြသလဲသိချင်၍ ဖြစ်သည်။ သင်တန်းအစပိုင်း တနင်္လာနေ့ မျိုးမှာ
ကျောင်းသားတစ်ယောက်စီ၏ရှေ့ ၌ တင်ကာတွိုင်းဗူးငယ် တစ်ဗူးစီ ကျွန်တော်ချထားပေးပြီး ဒါတွေနှင့် ဘာလုပ်ရမည်ဆိုတာကို
သေသေချာချာ တိတိကျကျမဟုတ် ခပ်တိုတို ခပ်လုံးလုံးပြောပါသည်။ တင်ကာတွိုင်းနဲ့ မင်းတို့ ဘာတစ်ခုခု လုပ်လို့ ရမလဲ လုပ်ကြည့်၊
ဒီနေ့ မင်းတို့ အချိန် ၄၅ မိနစ်ရတယ်၊ ဒီအပတ်တစ်ပတ်လုံး ကျန်တဲ့ ရက်တွေလဲ ၄၅ မိနစ်စီပဲ ဟူ၍။
ကျောင်းသားတချို့ က ရုတ်တရက် ဘာကစရမှန်းမသိ၊ သူများတွေ ဘာလုပ်မလဲ စောင့်ကြည့်ကြသည်။ အတော်များများကတော့
ဗူးထဲမှာပါသည့် ညွှန်ကြားချက်တွေဖတ်၊ ပြထားသည့် နမူနာပုံစံတွေ ကြည့်ကာ အဲသည်အထဲက တစ်ခုကို ရွေးပြီး အဲသည်အတိုင်း
တည်ဆောက်ကြသည်။ သင်တန်းတစ်သုတ်မှာ အနည်းဆုံး တစ်ယောက်လောက်ကတော့ တင်ကားတွိုင်းဗူးထဲမှာ ပါတာတွေနှင့်ချည်း
ကျေနပ်မနေ။ ၄င်းကပေးသည့် တီထွင် ဖန်တီးမှု အတိုင်းအတာဘောင်ကို ဖောက်ထွက်ကာ ခဲတံတို့ ၊ စက္ကူညှပ်သည့်ကလစ်တို့ ၊ ကြိုးတို့ ၊
ဗလာစာရွက်တို့ စသဖြင့် ပန်းချီစတူဒီယိုခန်းထဲမှာ ရနိုင်သည့် အခြားပစ္စည်းအတိုအထွာတွေပါ ပေါင်းစပ်အသုံးပြုပြီး ပုံစံသစ်တွေ
ဖန်တီးတည်ဆောက်တတ်တာ တွေ့ ရစမြဲ ဖြစ်သည်။ တစ်ကြိမ်မှာတော့ ကျောင်းသားတစ်ယောက်က ပန်းချီချိန်သာမဟုတ်ဘဲ အခြား
အားလပ်သည့် အချိန်များတွင်ပါ တင်ကာတွိုင်းများနှင့် အမျိုးမျိုး အဖုံဖုံ စမ်းသပ်တည်ဆောက်ကြည့်နေတာ တွေ့ ရသည်။
သူတို့ တည်ဆောက်ထားသည့် ပုံစံတွေက ပန်းချီစတူဒီယိုမှ စတိုခန်းတစ်ခန်းလုံး ပြည့်ရုံမက သူ့ နေအိမ် မြေတိုက်ခန်းပါ
ပြည့်လုနီးပါးဖြစ်နေသည်။
သည်ကျောင်းသား ပါလာသည့်အတွက် ကျွန်တော် အထူးဝမ်းမြောက်ရသည်။ သူက တီထွင်ဖန်တီးတတ်သောဉာဏ်
ထူးကဲရင့်သန်လှသူတစ်ဦး ဖြစ်ပါသည်။ သူ့ ဆီက ကျွန်တော်ပါ ပညာရသည်။ ပြီး၊ သူ၏ ဖန်တီးမှုစွမ်းအားတွေက
တခြားကျောင်းသားများဆီသို့ ပါ ကူး စက်သွားရာ ကျွန်တော့်မှာ အလိုအလျောက် လက်ထောက်နည်းပြတစ်ယောက်ရသလို
ဖြစ်နေသည်။ သူနှင့် တခြား အလားတူကျောင်းသားမျိုးတွေကို ကျွန်တော်က ဘုရင်မပါထိုးကျွေး ကစားတတ်သူများ ဟု မြင်ပါသည်။
တစ်ခုပဲရှိသည်။ သည်လိုတီထွင်တတ် ဖောက်ထွက်တွေးတတ်သူများကို ချီးမြှောက်အားပေးသည့်အခါ သူတို့ နှင့်
တွေးနည်းတွေဟန်မတူသည့် အခြား ကျောင်းသာများ စိတ်ပျက်သွားနိုင်တာ တွေ့ ရသည်။ ကျွန်တော်က အဲဒီလို ဖန်တီးတတ်တဲ့
လူမျိုးမှမဟုတ်တာ ဟူ၍ ကျောင်းသားတစ်ယောက်မဟုတ် တစ်ယောက်က ပြောလာတတ်သည်။
ညအိပ်တဲ့ အချိန် မင်းအိပ်မက်တွေဘာတွေ မမက်ဖူးဘူးလား သည်အခါမျိုးတွင် ကျွန်တော်က မေးသည်။
မက်တာပေါ့ ဆရာ
ဒါဖြင့် မင်းအိပ်မက်တွေထဲက အထူးဆန်းဆုံး တစ်ခုလောက် ပြောစမ်းပါ
သည်အခါ ကျောင်းသားက သူလေထဲမှာပျံနေတာတို့ ၊ တစ်ခြားဂြိုဟ်ကမ္ဘာတစ်ခု ရောက်သွားတာ၊ ကာလယန္တရားနှင့် ပါသွားတာ၊
ကိုယ်ပေါ်မှာ ခေါင်းသုံးလုံးပေါက်လာတာ စသဖြင့် ဆန်းဆန်းပြားပြား မဖြစ်တန်ရာ တာတွေကို သူ့ အိပ်မက်ထဲကြုံရဘူးတာ
လျှောက်ပြောမည်ဖြစ်သည်။
ကဲ မင်းဟာတွေက တကယ့်စိတ်ကူးစိတ်သန်းအဆန်းအပြားတွေ မဟုတ်ဘူးလားကွ၊ ဒါတွေမင်းကို ဘယ်သူစဉ်းစားပေးသလဲ
ဘယ်သူမှ မစဉ်းစားဘူး၊ ကျွန်တော့်ဘာသာ ဖြစ်တာပဲ
အေးပေါ့ကွ၊ ညအိပ်ပျော်နေတဲ့ အချိန်မှာ မင်းခေါင်းထဲပေါ်လာတာ၊ ဟုတ်တယ်မလား
ဟုတ်ပါတယ်
ဒါဆို အဲဒီဆန်းဆန်းပြားပြား စိတ်ကူးတွေ အိပ်နေတဲ့ အချိန်မဟုတ်ဘဲ အခုလို နိုးနေတဲ့ အချိန်အတန်းထဲမှာ ဖော်ကြည့် တွေးကြည့်ပေါ့ကွ၊
မဟုတ်ဘူးလား
နောက်ထပ်မှတ်ကျောက်တစ်ခုအကြောင်း ပြောပြီးလျှင်တော့ ကျွန်တော့်စကားတွေအားလုံး ဆက်စပ်မိကာ အဓိပ္ပာယ်ပေါ်လာပါလိမ့်မည်။
ပူအိုက်သော နွေရာသီနေ့ တစ်နေ့  မြေထဲပင်လယ်ထဲရှိ ခရိကျွန်းမျာ ကျွန်တော်ရောက်နေသည်။ ဆိပ်ကမ်းအနီး ကဖေးဆိုင်တစ်ဆိုင်၏
ရွက်ဖျင်အမိုးအောက်မှာ နေရိပ်ခိုကာ အအေးသောက်ရင်း ကျွန်တော်ထိုင်နေသည်။ အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်ရှိနေပြီး
လေကငြိမ်နေသည်။ ဆိုင်မှာ လူကလည်း ပြည့်ကျပ်နေရာ စားသောက်ဆိုင်ဝန်ထမ်းတွေရော ဧည့်သည်တိုးရစ်(စ)များ ပါအားလုံး
စိတ်ခပ်တိုတိုဖြစ်နေကြသည်။ ထစ်ခနဲဆို ရန်ထဖြစ်ကြမည့် ပုံစံမျိုး။
သည်အချိန်တွင် ကျွန်တော့်ဘေးစားပွဲမှာ ကြည့်ကောင်းသည့် လူငယ်စုံတွဲတစ်တွဲထိုင်နေတာ တွေ့ ရသည်။ ၀တ်စားထားတာက
နွေရာသီဖက်ရှင် အပြည့်အစုံ။ အကြေသား ဖျင်ထည်အင်္ကျီ ဘောင်းဘီနှင့်။ သားရေကွင်းထိုးဖိနပ်အကောင်းစားနှင့်။ အမျိုးသားက
အရပ်သိပ်မမြင့်သော်လည်း တောင့်တောင့်တင်းတင်းကြံ့ကြံ့ခိုင်ခိုင်။ သံလွင်ရောင် အသားအရေနှင့်၊ အနက်ရောင်ဆံပင်နှင့်၊
ရှည်ရှည်သွယ်သွယ်၊ ဆံပင်က ရွှေဝါရောင်။ စားပွဲထိုးကို စောင့်နေဆဲ တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်ကာ ချစ်တင်းစကားတွေ
တီးတိုးဆိုကြသည်။ တခစ်ခစ်ရယ်ကြသည်။ ပြီး၊ အားပါးတရရယ်ကြသည်။
ထို့ နောက် နှစ်ဦးသား နေရာမှရုတ်တရက်ထကာ သတ္တုစားပွဲလေးကိုမပြီး ဆိုင်ရှေ့ အောက်ဖက်နားရှိရေထဲဆင်းသွားသည်။
ရေသိပ်မနက်သည့် တစ်နေရာမှာ စားပွဲကိုချပြီး အမျိုးသားက တစ်ယောက်တည်း ပြန်တက်လာကာ ကုလားထိုင်နှစ်လုံးယူသည်။
ပြီးလျှင် သူ့ အမျိုးသမီးအား ကုလားထိုင်တစ်လုံးမှာ ကျကျနန နေရာချပေးပြီး နောက်တစ်လုံးမှာ သူထိုင်သည်။ ရေက ခါးလယ်လောက်။
ဘာလုပ်ကြပါလိမ့်ဟု သူတို့ အား စောင့်ကြည့်နေကြသည့် ပရိသတ် သဘောကျသွားကာ တဟားဟားရယ်ပြီး ၀ိုင်းဝန်း သြဘာပေးကြသည်။
သည်အချိန်မှာ မျက်နှာတင်းတင်းနှင့် စားပွဲထိုးတစ်ယောက်က ပေါက်ချလာသည်။ သူတို့ ဆီ တစ်ချက်လှမ်းကြည့်ပြီး
မျက်လုံးပြူးသွားသည်။ နောက်တော့စားပွဲခင်းရယ်၊ လက်သုတ်ပုဝါရယ်၊ ပန်းကန်ခွက်ယောက်တွေရယ်ယူကာ ရေထဲဆင်းသွားပြီး
စားပွဲကို ခင်းကျင်းပေးသည်။ ပြီး သူတို့ စားစရာမှာကြားတာတွေ မှတ်သားသည်။ သူရေထဲဖြတ်ပြီး ပြန်လာတော့ ကုန်းပေါ်ရှိ
ဧည့်သည်ပရိသတ်က သူ့ ကို လက်ခုတ်သြဘာပေးကာ ချီးကျူးကြသည်။ အတော်လေးကြာတော့ လင်ပန်းတစ်ချပ်နှင့်အတူ
သူပြန်ထွက်လာသည်။ လင်ပန်းပေါ်၌ ရေခဲချိုင့်ထဲတွင် ထောင်ထားသည့် ရှန်ပိန်ပုလင်းနှင့် ဖန်ခွက်နှစ်ခွက်။ သူက ရေထဲခပ်ရဲရဲပင်
တစ်ကြိမ်ထပ်ဆင်းသွားပြီး ခွက်များထဲ ရှန်ပိန်ငှဲ့ ပေးသည်။ ရေမောင်နှံက ရှန်ပိန်ခွက်ကိုယ်စီ ကိုင်မြှောက်ကာ တစ်ယောက်ကို
တစ်ယောက်တို့ စ်လုပ်သည်။ ပြီးစားပွဲထိုးကိုရော ဆိုင်ထဲက ပရိသတ်တွေဆီသို့ ပါ ခွက်ကို ကိုင်မြှောက် နှုတ်ဆက်ကြသည်။
သည်အခါ ပရိသတ်က တစ်ပျော်တစ်ပါး အော်ဟစ်ကြွေးကြော်ပြီး စားပွဲများပေါ်တွင် ခင်းကျင်းပြင်ဆင်ထားသည့် ပန်းအိုးများထဲမှ
ပန်းတွေကိုကောက်ယူကာ မောင်နှံဆီသို့ ပစ်ပေါက်အားပေးကြလေသည်။
သည်နောက်တွင် တခြား စားပွဲသုံးလုံးလည်း ရေထဲဆင်းကာ နေ့ လည်စာစားပွဲကို အတူတွဲ ကျင်းပကြသည်။ စောစောက
မကြည်လင်သည့် ဆိုင်ဝန်းကျင်သည် ယခုတော့ ပျော်ပွဲရွှင်ပွဲအသွင်သို့ ကူးပြောင်းသွားခဲ့သည်။
ကြည့်စမ်း၊ ဘယ်လောက်ကောင်းလိုက်သလဲ။
စဉ်းစားကြည့်ပါ။
စတိုင်အကျဆုံး နွေရာသီဝတ်စုံကို ၀တ်ထားတာမို့ လို့  ရေထဲမဆင်းရတော့ဘူးလား။
စားသုံးသူက ရေထဲရောက်နေရုံနှင့် စားပွဲထိုးက သူ့ ကို အစားအသောက် သွားမပို့ တော့ဘူးလား။
တစ်ခါတစ်ရံ ထုံးစံဆိုသော စည်းကြောင်းကို ကျော်သင့်လျှင် ကျော်ရပါမည်။ စာသင်ခန်းမှာမှ မဟုတ်ပါ။ စစ်တုရင်ပွဲမှာမှ မဟုတ်ပါ။
ဘ၀မှာ ကြုံတွေ့ ရသည့် အနေအထားတွေက တင်ကာတွိုင်းဗူးနှင့် ဖန်တီးမှု စွမ်းရည်စမ်းသပ်သလို၊ စစ်တုရင်ပွဲတစ်ပွဲ အကြိတ်အနယ်
ဆင်နွှဲရသလို ဖြစ်လာသည့်အခါမျိုးမှာ စည်းဘောင်တွေ ဖောက်ထွက်ပြီးတွေးကာ ဘယ်သူမှ ထင်မထားသည့် အကွက်ထဲ ဘုရင်မကို
ရွှေ့ ထည့်လိုက်တာမျိုး လုပ်တတ်ရပါမည်။
| < Prev | Next > |
|---|
Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)